Showing posts with label ဂရင်းနစ်မှတ်တမ်းများ. Show all posts
Showing posts with label ဂရင်းနစ်မှတ်တမ်းများ. Show all posts

Saturday, 23 February 2013

အရှိန်အမြန်ဆုံး ကမ္ဘာ့စံချိန်သစ် တင်ခဲ့သည့် Hennessey Venom GT ပြိုင်ကား



အလွန် အံ့သြဖွယ် ကောင်းပြီး နည်းပညာ မြင့်မားသည့် စူပါကား တစ်စီးက ကမ္ဘာ့အမြန်ဆုံး အရှိန်ဖြင့် မောင်းနှင်နိုင်သည့် ကားအဖြစ် ၂ဝ၁၃ ခုနှစ်တွင် စံချိန်သစ် တင်ခဲ့သည်။  အဆိုပါ ကားမှာ မြင်းကောင်ရေ ၁၂၄၄ ကောင် အင်အားရှိသည့် 7-litre V8 အင်ဂျင်တပ်ဆင် ထားသည့် အမေရိကန် နိုင်ငံ တက္ကဆက် ပြည်နယ်သား တစ်ဦးမှ ထုတ်လုပ်လိုက်သည့် Hennessey Venom GT ကားဖြစ်သည်။


အမေရိကန် နိုင်ငံ ဟူစတန် လေယာဉ်ပြေးလမ်း တစ်ခုပေါ်တွင် Hennessey Venom GT ကားသည် အချိန် ၁၃ ဒသမ ၆၃ စက္ကန့် အတွင်း တစ်နာရီ ၁၈၆ မိုင်နှုန်းဖြင့် ကမ္ဘာ့အမြန်ဆုံး စံချိန်သစ် တင်ခဲ့ခြင်း ဖြစ်သည်။ ၎င်း ပြိုင်ကားသည် လုံလောက်သည့် လေယာဉ် ပြေးလမ်း အရှည်ရရှိပါက အမြန်ဆုံး တစ်နာရီ မိုင် ၂၇ဝ နှုန်း အထိ မောင်းနှင်နိုင်ကြောင်း သိရသည်။ ယခင်ကမ္ဘာ့ စံချိန်ဟောင်းမှာ အမြန်နှုန်း တစ်နာရီ ၁၈၆ မိုင်ကို အချိန် ၁၄ ဒသမ ၅၃ စက္ကန့်ဖြင့် Koenigsegg Agera ကားက စံချိန်တင် ထားခဲ့ပြီး Hennessey Venom GT ကားက အချိန် ၁၃ ဒသမ ၆၃ စက္ကန့်ဖြင့် ကမ္ဘာ့ဂင်းနစ် မှတ်တမ်းတွင် စံချိန်သစ် တင်နိုင်ခဲ့သည်။ ၎င်းကားသည် အမြန်နှုန်း တစ်နာရီ မိုင် ၂ဝဝ နှုန်းသို့ အချိန် ၁၄ ဒသမ ၅၁ စက္ကန့်အတွင်း အရှိန်မြှင့် မောင်းနှင်နိုင်ပြီး Buga-tti Veyron Super Sport ကားထက် ၇ ဒသမ ၇ စက္ကန့် ပိုမြန်သည်။ Hennessey Venom GT ကားကို ယာဉ်မောင်း ဂျွန်ကီးဝစ်ဇ်က အမြန်နှုန်း တစ်နာရီ မိုင် ၁ဝဝ နှုန်းသို့ အချိန် ၅ ဒသမ ၈၈ စက္ကန့်အတွင်း အရှိန်မြှင့်တင် နိုင်ခဲ့ပြီး တစ်မိုင်ခန့် မောင်းနှင် ပြီးချိန်တွင် တစ်နာရီ ၂ဝ၅ မိုင် အမြန် နှုန်းသို့ ရောက်ရှိခဲ့သည်။ Hennessey Venom GT ကား၏ တန်ဖိုးမှာ စတာလင်ပေါင် ၉၁ဝဝဝဝ ဖြစ်ပြီး လက်ရှိအမြန်ဆုံး Veyron Super Sport ကားစံချိန်အား ကျော်ဖြတ်ကာ ကမ္ဘာ့ စံချိန်သစ် တင်ခဲ့ပြီဖြစ် သည်။
ဆက်ဖတ်ရန်

Saturday, 26 January 2013

ကမ္ဘာ့အကြီးဆုံး ခေါင်းလောင်းများ


အရှင်သုနန္ဒာလင်္ကာရရေးသားထားခဲ့တဲ့ ကမ္ဘာ့အကြီးဆုံး ခေါင်းလောင်းများအကြောင်းကို ပြန်လည်မျှဝေပါသည်။
ကမ္ဘာ့အကြီးဆုံး ခေါင်းလောင်းများ (အရှင်သုနန္ဒာလင်္ကာရ )
၁။ ပထမ အကြီးဆုံး =ဓမ္မစေတီ ခေါင်းလောင်း
အလေးချိန် = ၂၉၃ တန်၊
နေရာ = ရန်ကုန်တိုင်း ဒေါပုံမြစ်အတွင်း၊ မြန်မာနိုင်ငံ၊

၂။ဒုတိယ အကြီးဆုံး =( Tsar Kolokol ) ဆာ-ကိုလိုကိုး ခေါင်းလောင်း
အလေးချိန် = ၁၈၀ တန်၊
နေရာ = မောစကိုမြို့ ၊ ရုရှားနိုင်ငံ၊


၃။ တတိယအကြီးဆုံး = အလေးချိန် ၁၂၈ တန်ရှိ မော်စကိုမြို့မှ ခေါင်းလောင်း၊
၎။ စတုတ္ထ အကြီးဆုံး = မင်းကွန်းခေါင်းလောင်း
အလေးချိန် = ၉၃ .၅၅ တန်၊
နေရာ - မင်းကွန်းတောင်ရိုး၊ စစ်ကိုင်းတိုင်း၊

၅။ ပဉ္စမ အကြီးဆုံး - Chion-in ချီယွန်အင် ခေါင်းလောင်း၊
အလေးချိန် = ၆၇ တန်၊
နေရာ = ကျိုတိုမြို့၊ ဂျပန်နိုင်ငံ၊

၆။ ဆဋ္ဌမအကြီးဆုံး - Yongle ရွန်ဂဲလ် ခေါင်းလောင်း၊
အလေးချိန် = ၄၅ တန်၊
နေရာ = ပေကျင်းမြို့၊ တရုတ်နိုင်ငံ၊

ဓမ္မစေတီ ခေါင်းလောင်းကြီး အချက်အလက်များ

ဓမ္မစေတီမင်းသည် ထိုခေါင်းလောင်းကို ဒဂုံ (ယခု ရန်ကုန်) ရှိ ရွှေတိဂုံ စေတီတော်သို့ လှူဒါန်းခဲ့သည်။ ရှေးခေတ်စာ မှတ်တမ်းများအရ ၄င်း ခေါင်းလောင်းကြီးတွင် ကြေးနီ အပြင် ရွှေ၊ ငွေ တို့လည်း ပါသည်ဟုဆိုသည်။ ခေါင်းလောင်းထဲတွင် မြ နှင့် နီလာ ရတနာ တို့လည်း မြှုပ်ထားသည်ဟု ဆိုသည်။ စေတီများ ဥစ္စာကြွယ်ဝ ပုံအရ ၄င်းမှာ ဖြစ်နိုင်သည်။

ခေါင်းလောင်းကြီးသည် ၁၂ တောင် မြင့်ပြီး ၈ တောင် ကျယ်သည်။ တစ်ပြိုင်တည်းမှာပင် ၅၀၀ ပိဿာ ရှိ ခေါင်းလောင်း အသေး လည်း သွန်းလောင်း လှူဒါန်း ခဲ့သည် ဟုဆိုသည်။ အပိန္နသော်’ အမည်ရှိ ဓမ္မစေတီ’ ခေါင်းလောင်းပင်ဖြစ်သည်။ ခေါင်းလောင်း၏ဘွဲ့အမည်မှာ မြန်မာဘာသာဖြင့် အ၀ိန္နဆောက် ဟုခေါ်သည်။ ရွှေတိဂုံစေတီသို့လှူဒါန်းသည့်ခေါင်းလောင်းများအနက်ပထမဆုံးခေါင်းလောင်းဖြစ်သည်။

ခေါင်းလောင်းကြီးသည် စောက် ၁၂ တောင်ရှိ၍ ကြေးပိဿာချိန် ၁၈၀၀၀၀ ( တစ်သိန်း ရှစ်သောင်း ) ရှိသည်။ ၄င်းကိုတန်ဖွဲ့ပါက ၂၉၀ တန် ရှိသည်။ ထို့ကြောင့်ဓမ္မစေတီခေါင်းလောင်းသည် စာကိုလိုကော ခေါင်းလောင်းထက် မင်းကွန်းခေါင်းလောင်းတစ်ခုစာပို၍ ကြီးမားနေ သည်ကို အံ့သြဖွယ်တွေ့ရှိရသည်။ အထက်ပါ အဆိုကို ထောက်ကာ သမိုင်းပညာရှင်တို့သည် ဓမ္မစေတီ ခေါင်းလောင်းအားကမ္ဘာ့အကြီးဆုံး
အဖြစ် မှတ်တမ်းတင်ထားဆဲပင် ဖြစ်သည်။
ရှားရှားပါးပါး ဓမ္မစေတီ ခေါင်းလောင်းဓာတ်ပုံ ပန်းချီပုံ

ဓမ္မစေတီခေါင်းလောင်း သမိုင်း

အခါတစ်ပါး ဓမ္မစေတီမင်းကြီးသည် အမတ်လေးဦးကို အိမ်ဦးရေ စာရင်းကောက်ရန်တာဝန်ပေးခဲ့သည်။ အမတ်များက အိမ်စာရင်းသာမက အိမ်တိုင်းမှ ကြေးကိုပါ ကောက်ခံခဲ့ရာ ကြေးစင် တစ်သန်းနှင့် ရှစ်သိန်း ရရှိခဲ့သည်။ မင်းကြီးက ကြေးပါ ကောက်ယူခဲ့သော အမတ်လေးဦး အား အပြစ်ဒဏ်ပေး၏။ ကြေးများကို ကာယကံရှင်များအား ပြန်ပေးစေသည်။ ပိုင်ရှင်များက ပြန်မယူပဲ မင်းကြီး သင့်တော်သလိုသာ အသုံး ပြုရန်လျှောက်ထားလေသည်။ ထို့ကြောင့် ဓမ္မစေတီမင်းကြီးသည် ဤကြေးများဖြင့် အမတ်ကြီး ဗညားအိမ်ကို အကြီးအမှူး ခန့်၍ ခေါင်းလောင်းသွန်းလုပ်စေသည်။

အမတ်ကြီးသည်လည်း ဆရာတို့ အခါပေးသည့်အတိုင်း တပေါင်းလဆန်း( ၈ ) ရက် ကြာသာပတေးနေ့ သိဟ်လဂ်တွင် ပွဲကြီးသဘင်ပြု၍ ခေါင်းလောင်းကြီးကို ပြုလုပ်တော်မူသည်။ သို့သော် ခေါင်းကြီးမှာ ထူးထူးခြားခြား အသံမမြည်ပဲ ရှိခဲ့သည်။
ခေါင်းလောင်းသွန်းလုပ်စဉ် လောကဥာဏ အမည်ရှိဗေဒင်ဆရာတစ်ဦးက ခေါင်းလောင်းသွန်းလုပ်
ပြီးလျှင် အပြစ် အနာအဆာမရှိ ချောမော လိမ့်မည်။ သို့သော်အသံကား မြည်မည်မဟုတ် ဟု မင်းကြီးအား လျှောက်၏။ မင်းကြီးက အကြောင်းစုံမေးမြန်းရာ ခေါင်းလောင်းပြုလုပ်ရန် ဆရာ တို့ပေးသောအခါသည် နက္ခတ်ခြောက်လုံးဖြစ်သည်။ ခြောက်လုံးမှာ မိကျောင်းနက္ခတ်ဖြစ်သဖြင့် မိကျောင်းမှာလျှာမရှိ၍ အသံမမြည် နိုင်ချေ။ မင်းကြီးလည်း ခေါင်းလောင်းကို ‘ အပိန္နသော်’ ဟု ဘွဲ့အမည်ပေးပြီး ရွှေတိဂုံရင်ပြင်တွင် ချိတ်ဆွဲထားစေသည်။

စာကိုလိုကောခေါင်းလောင်းသည် ၁၈ ရာစုတွင် သွန်းလုပ်သော ခေါင်းလောင်းဖြစ်ပြီး ဓမ္မစေတီခေါင်းလောင်းမှာ အေဒီ ၁၅ ရာစုက သွန်းလုပ်ခဲ့သော ခေါင်းလောင်းဖြစ် သဖြင့် နှစ် ၃၀၀ ပို၍စောနေသည်ကိုတွေ့ရှိရသည်။ ထို့ကြောင့် ဓမ္မစေတီခေါင်းလောင်းသည် ကမ္ဘာ့အကြီးဆုံးခေါင်းလောင်းများအနက် ရှေးအကျဆုံး ခေါင်းလောင်းဖြစ်သည်။

သို့သော် ဓမ္မစေတီခေါင်းလောင်းအကြောင်းမလှပုံမှာ ခရစ်သက္ကရာဇ် ၁၆၀၈ ခုနှစ်တွင် ပေါ်တူဂီလူမျိုး ဖိလစ်ဒိုဘရစ်တို့က ဓမ္မစေတီ ခေါင်းလောင်းကို အမြောက်သွန်းလုပ်ရန် ဖောင်ဖြင့် သန်လျင်သို့ သယ်ဆောင်ခဲ့သည်။ ဒေါပုံမြစ် အကူးတွင် ဖောင်နစ်ပြီး ခေါင်းလောင်းကြီး ရေထဲနစ်မြှုပ်သွားသည်မှာ ယနေ့ထက်တိုင် ဖြစ်သည်။ ဓမ္မစေတီခေါင်းလောင်း ရေအောက်ရောက်နေသည်မှာ နှစ်ပေါင်း ၄၀၀ နီးပါးရှိချေပြီ။

ရုရှား ကြေးသွန်းခေါင်းလောင်းကြီး
ယင်း ခေါင်းလောင်းကြီးမှာ ရုရှားနိုင်ငံ မော်စကိုမြို့၊ ကရင်မလင် နန်းတော်ရှိ (Tsar Kolokol)ဆာ-ကိုလိုကိုး ဖြစ်သည်။ ထိုခေါင်းလောင်းကြီးကို လက်မှုပညာရှင် (၂၀၀) ကျော်ကျော်ဖြင့် သွင်းလုပ်ထားခြင်းဖြစ်သည်။ ( ၆.၁၄ ) မီတာ မြန်မာအခေါ်အားဖြင့် (၂၀.၁၄) ပေ အမြင့်ရှိပြီး (၆.၆) မီတာ ( သို့ ) (၂၁.၆၅) ပေ အချင်းရှိ၏။

ထိုခေါင်းလောင်းကြီးမှာ တစ်ချိန်က အရှင်းလင်း အကြည်မြဆုံးသော သံစဉ်ထွက် ခေါင်းလောင်းကြီးဖြစ်ခဲ့သည်။ အမြင့် ၁၉’ ၃”၊ အ၀န်း ၆၀’ ၉”၊ အထူ ၂’ ရှိသည်။ ယခုအခါတွင်မူ ၁၇၃၃-၃၅ တွင် သွင်းလုပ်ခဲ့သော တန် (၁၈၀) အလေးချိန်ရှိ ထိုခေါင်းလောင်းကြီးမှာ ခေါင်းလောင်းသွန်းလုပ်စဉ်က တစ်နေရာပဲ့သွား၍ ပဲ့သွားသည့် အစသည်ပင် အမြင့် ၇’၊ အကျယ် ၈’ ရှိပြီး အလေးချိန် ၁၁ တန်ရှိသည်။

(မြန်မာ့ စွယ်စုံကျမ်း အတွဲ (၂) တွင် ခေါင်းလောင်းကြီးတစ်ခုလုံး၏အလေးချိန်မှာ တန် ၂၀၀ ကျော်ရှိသည်ဟု ဖော်ပြပြီး Britanica Emcyclopacedia အတွဲ (၂) တွင် တန် ၁၈၀ ရှိသည်ဟုဖော်ပြခဲ့သည်။
ဒုတိယအကြီးဆုံး ခေါင်းလောင်း နောက်တလုံး သည်လည်း မော်စကိုမြို့မှာပင်ရှိ၍ အလေးချိန် ၁၂၈ တန်ရှိသည် ဟု မှတ်သားရပါသည်။

မင်းကွန်းခေါင်းလောင်းတော်ကြီး

မြန်မာနိုင်ငံတွင် လက်ရှိအကြီးဆုံး ခေါင်းလောင်းမှာ မင်းကွန်းခေါင်းလောင်း ကြီးဖြစ်သည်။ ယင်းခေါင်းလောင်းကို ဘိုးတော်ဘုရားလက်ထက် ( ၁၇၈၂ - ၁၈၁၉ ) က ၁၇၉၀ ခုနှစ်တွင် သွန်းလုပ်ခဲ့သည်။ ကုန်းဘောင်ခေတ်မဟာရာဇ၀င်တွင် သက္ကရာဇ် ၁၁၇၀ ပြည့်နှစ်၊ ကဆုန်လ ဆန်း ၅ ရက်နေ့တွင် သွန်းလုပ်ခဲ့သည်ဟုဆိုပါသည်။

ခေါင်းလောင်း၏အတိုင်းအတာ ကိုလည်း အ၀အချင်း ၃၁ တောင် ၄ သစ် (၁၆ ပေ၊ ၁.၄ လက်မ)၊ လုံးပတ် ၃၃ တောင် ၁ မိုက် ၄ သစ် (၅၀ ပေ ၁.၄ လက်မ)၊ စောက် ၁၃ တောင် ၁ မိုက် ၄ သစ် (၂၀ ပေ ၃ လက်မ) ရှိသည်ဟုဖော်ပြခဲ့သည်။ တန် ၈၀ ရှိသည်ဟု အင်္ဂလိပ်တို့က ခန့်မှန်းခဲ့ကြသည်။ သို့သော် ခေါင်းလောင်း၏ အလေးချိန်မှာ ကြေးပိဿာ ၅၅၅၅၅ ရှိသဖြင့် ၄င်းကို တန်ဖွဲ့ပါက ၉၀.၅၂ တန်ရှိသည်။

ဂျပန် ကြေးသွန်းခေါင်းလောင်းကြီး


ကျိုတိုမြို့ ချီယွန်အင် ( Known for its massive gate, Chion-in is the head temple of Pure Land Buddhism ) ကျောင်းတော်တွင် တည်ရှိသော ခေါင်းလောင်းကြီးမှာ ( ၁၆ ၃၃ ) ခုနှစ်တွင်သွင်းလုပ်၍ ( ၆၇ ) တန် အလေးချိန်ရှိ၏။ ဂျပန်တွင် အလေးချိန် အများဆုံး ခေါင်းလောင်းကြီးဖြစ်၏။ ၄င်းခေါင်းလောင်းကြီးကို ထိုးခတ်ရန် ရဟန်း (၁၇)ပါး လိုအပ်မည်ဖြစ်သည်။

ရွန်ဂဲ(လ်)ကြေးသွန်းခေါင်းလောင်းကြီး

တရုတ်ပြည်အရှေ့ပိုင်း ရှန်ဒေါင်းပြည်နယ် ဂျီနန်းမြို့အရောက်တွင် မင် မင်းဆက် (၁၃၆၈-၁၆၄၄) လက်ထက် လွန်ခဲ့သောနှစ်ပေါင်း ( ၆၀၀ ) ခန့်က သွန်းလုပ်ခဲ့သော ရွန်ဂဲ(လ်) အမည်ရှိ ကြေးသွန်းခေါင်းလောင်းကြီးကို တွေ့ရ၏။ ယခုအခါ ဘေဂျင်းမြို့သို့ ပြာင်းရွှေ့ထားသည်ဟု သိရသည်။ ထိုကြေးသွန်းခေါင်းလောင်းကြီးမှာ ( ၄၅ ) တန် အလေးချိန်ရှိ၍ (၆.၇၅) မီတာအမြင့်ရှိ၏။ (၃.၃) မီတာ အချင်းရှိ၍ (၀.၂၂) မီတာထူ၏။ ခေါင်းလောင်းကြီး၏ အတွင်းအပြင် မျက်နှာစာအပြည့်ကို တရုတ်အက္ခရာ ( ၂၂၇, ၀၀၀ ) ဖြင့် ဗုဒ္ဓကျမ်းဂန်လာ သုတ္တန်များကို ထွင်းထူ ပူဇော်ထားသည် ဟု သိရပါသည်။ ။
ဆက်ဖတ်ရန်
back to top